နေ့မထွက်သောနေ့ လမသာသောည

August 9, 2008

ညတော့ ညတစ်ညပဲ
ဒါပေမယ့် လကမသာတာခက်တယ်…
နေ့လည်း နေ့တစ်နေ့ပါပဲ
သို့သော်လည်း နေမမြင်ရတာဆိုးတယ်…
လမသာတဲ့နေ့တွေ
နေမမြင်ရတဲ့ညတွေ
ဘယ်တော့ဆုံးမလည်း
ရုန်းထွက်ကြမလား
ဒီအတိုင်းဆက်နေမလား
ရှေ့တက်ကြမလား
ခေါင်းဆက်ငုံ့နေမလား
ကြိုးစားကြမလား
ပျင်းရိနေကြမလား
နိုးကြားကြားမလား
ရေသာခိုနေကြမလား
တိုးထွက်ကြမလား
အဆိုးဖက်ကြမလား
သွေးရဲကြမလား
ဘေးကွဲနေကြမလား
စာတင်ကြမလား
ငွေခင်နေကြမလား
အသေတိုက်ကြမလား
ရေလိုက်နေကြမလား
စဉ်းစားကြမလား
အတင်းဖားနေကြမလား
မြေကြီးနဲ့မိုးသက်သေတည်
လသာတဲ့ည
နေ့သာတဲ့ နေ့တွေဆီ
တူညီချိတက်ကြမလား…
ငွေနဲ့ ချမ်းသာမှုကိုရည်
ဘယ်သူသေသေ
ငတေမာမည်
တည်ဆောက်နေကြမလား….
သေချာတာစ်ခုကတော့
ညမှ လသာအောင် တိမ်ငပုပ်တွေဖယ်ရမယ်
နေ့မှ နေသာအောင် မိုးမမှောင်မှ ဖြစ်တယ်
အို…နောက်ဆုတ်မကြောက်ရွံ့
ရဲဝံ့လိုက်ကြစမ်းပါလေ..

ကိုသူ(၈.၈.၀၈)

ဖျားနာနေသော နှလုံးသားတစ်စုံ…

August 4, 2008

အပူချိန်တိုင်းကြည့်တော့ ၁၅၀၀တဲ့

ရောဂါက ကုရာနတ္ထိ ဆေးမရှိတဲ့

တင်ထားတာက အချစ်ဆေးရုံ

ပြုစုနေရတာက မေတ္တာဆရာမလေး

တိုက်နေရတာ အကြင်နာဆေး

ဆက်သောက်ရမှာက သစ္စာရည်..

ဖျားနာနေသည် ထိုနှလုံးသားတစ်စုံ..

ဘယ်ပုံဘယ်လို ဆက်ဖြစ်မယ်ဆိုတာတော့..

အင်း….သံယောဖဉ်အနာဂတ်ဇာတ်ဆရာမှပဲ သိမယ်ထင်ရဲ့…..

ကိုသူ

လတစ်စင်းသို့ မျှော်လင့်ချက်….

July 24, 2008

အထဲမှာ လသာနေတယ်….

ဒါပေမယ့် အပြင်မှာတော့ မှောင်လို့ မည်းလို့….

အပြင်မှာ မသာမှတော့ လအစစ်မဟုတ်နိုင်ဘူးလေ..

အားလုံးအတွက် လင်းမှ တကယ်လပါ….

လရောင်ဟာ…အေးချမ်းမှုပေးတယ်…

ညကို မကြောက်ဖို့ အလင်းပေးတယ်..

အမှောင်မရောက်ဖို့ ငွားစွင့်ပေးတယ်….

သာလိုက်စမ်းပါ လရယ်…

လောကအတွက်

လူသားအားလုံးအတွက်..

ကမ္ဘာမြေအတွက်..

ငြိမ်းချမ်းမှုအတွက်…

အေးချမ်းဖို့အတွက်..

အလင်းရောင်လွှမ်ဖို့အတွက်…

မျှော်လင့်ချက်ရောင်စဉ်တွေ လွှင့်ဖို့ အတွက်ပေါ့…..

အို..အသင်လ…

သင်ဟာ လအစစ်ဖြစ်ပါစေလေ…

လူတွေကို ကောင်းကျိုးသယ်ပိုးချင်တယ်ဆိုရင်ပေါ့…………

ကိုသူ

သစ္စာတိုင်

July 21, 2008

ဟုတ်တာပေါ့ကွယ်…

ကိုယ်မင်းကို ရင်ထဲအသည်းထဲက ချစ်နေတာ…

အမှန်ပါပဲကွာ…

မင်းကို မြတ်နိုးစွာ မေတ္တာရှိနေတာ…

တကယ်ပါဟာ…

မင်းကလွဲရင် ဘယ်မိန်းကလေးမှကို စိတ်မ၀င်စားတာ…

ယုံလိုက်ပါနော်…

ဘ၀တစ်သက်စာ လက်တွဲမယ့်သူကိုယ်ပါ…..

အသေအချာပါလေ…

သစ္စာရှိရှိချစ်တတ်သူဟာ

မင်းအတွက် ကိုယ်မှကိုယ်သာရှိတယ်ဆိုတာ

ချွင်းချက်မရှိ

အတည်ပြုလိုက်ပါကွဲ့…

မင်းနောင်တမရရစေဘူး…

ရဲရဲဝံ့ဝံ့တိုင်တည်လိုက်ပါသည်…

ကမ္ဘာမြေနဲ့ ကောင်းကင်ကို သက်သေတည်လို့…

ကိုသူ

ဦးညွတ်မိသောရက်(ခ)အာဇာနည်နေ့

July 18, 2008

ဒီနေ့ရောက်တိုင်း ဆွေးမျက်ရည်မို့းရွာ

အာဇာနည်ကိုးဦးကို အမှတ်ရမိပေါ့

မမေ့လျော့ပါ ဒီကျေးဇူးတရား

ကျွန်ုပ်တို့အား တင်ရှိ

ကြီးပါဘိ မွန်မြတ်ခြင်း

သက်စွန့်ရင်း ရယူပေးထားခဲ့ လွတ်လပ်ရေး

အသည်းထက် ကမ္ဓည်းတင်ရေးသွားသော သွေးပန်းချီကား

စွဲမြဲထား ပြည်ချစ်မျိုးချစ်စိတ်

ခတ်နှိပ်ခဲ့ ရင်ထဲအသည်းထဲမှာ

ဆက်လျှောက်ကြပါ တိုင်းပြည်သစ်တစ်ခုသို့

ဖွံဖြိုးလို့ တိုးတက်လို့

ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့

မြန်မာဟေ့လို့ ကြွေးကျော်နိုင်ဖို့….

တို့တတွေ…

ဟုတ်တယ် အားလုံးတို့တတွေ

မြန်မာပြည်ဖွား မြန်မာပြည်သားအားလုံးတွေ

စည်းလုံးလို့ညီညွတ်စေ

ဥမကွဲကာ သိုက်မပျက်စေ

ရိုးသား ကြိုးစား

နိုးကြားရှေ့ဆက်

ထက်မြက်ဖျတ်လတ်

တက်ကြွစွာ လျှောက်လမ်းကြလိုက်စမ်းပါ

ညီညွတ်စွာ ဦးထိပ်ထားလျက်

ဆယ့်ကိုးရက်ဒီဇူလိုင်ကို သတိရမှုများစွာနဲ့ပေါ့……

ကိုသူ

ကျွန်တော်ရဲ့ နတ်သမီး

July 18, 2008

မေတ္တာတရားတွေမွေးဖွားရှင်သန်

သစ္စာတရားတွေ ချည်နှောင်လို့မြဲမြံ

သံယောဇဉ်ကြိုးတွေ ရစ်ပတ်အထပ်ထပ်

ချစ်ခြင်းတွေကို လှုပ်နှိုးပေါက်ဖွားဖန်းဆင်းခဲ့တယ်…..

တမ်းတမှုတွေ ဒီရေလိုတရိပ်ရိပ်တိုး

လွမ်းဆွတ်မှုတွေ လှိုင်းလို့မြင့်တရွေ့င်္ရေ့တက်

သတိရမှုမိုးတွေ အသည်းအသန်ရွာသွန်း

မျှော်လင့်မှု တိမ်တိုက်တွေ ရွေ့လျားအောင် စေခိုင်းပြန်တယ်…

အင်း…..ကိုယ့်ရေးစပ်တဲ့ကဗျာ…

ကိုယ်သီဆိုခဲ့ တေးသွားများ…

ကိုယ်ရေးချယ်တဲ့ ပန်းချီကားတွေရယ်..

ကိုယ်ထုဆစ်တဲ့ ပန်းပုရုပ်တွေအား…

အများအပြားတရစပ် ထွက်ပေါ်လာအောင်..

ဘာမန္တာန်တွေရွတ်

ဘာဂါထာတွေမှုတ်လိုက်သလည်း

အသည်းနှလုံးကို ပိုင်စိုး

သိမ်းပိုက်ကာ လွှမ်းမိုးထားခဲ့

ကိုယ်ရဲ့ နတ်သမီး ကိုယ်ရဲ့သခင်

ပျော်ရွင်စရာနေ့ရက်လေးတွေရော ဘယ်တော့များမှာ

ဖန်ဆင်းပေးမှာလို့ စိတ်ကူထားပါသလည်းကွယ်….

ကိုသူ

ထိုမျှမကသော…………

July 11, 2008

မင်းကို ချစ်တာတွေသာ

သစ်ပင်ဖြစ်ရင်

ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်

အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်….

မင်းကိုလွမ်းတာတွေသာ

ပန်းဖြစ်ရင်

ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့

ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့….

မင်းကိုတမ်းတတာတွေသာ

ရေဖြစ်ရင်

ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ

အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ….

မင်းကိုသတိရတာတွေသာ

ရွှေဖြစ်ရင်

ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့

လူတိုင်းကျောက်မျက်ရတနာဆင်နေမလားကွယ်….

ကဲ..ကဲ…

ပိုတယ်ပြောမနေနဲ့

လိုတယ်လို့တောင်ထင်တယ်

ကိုယ်ရဲ့အချစ်

ကိုယ့်မေတ္တာဟာ

ကမ္ဘာမြေသိန်းသန်းအထု

အစုစုမက

စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်

အဲလောက်တောင်မကကို ထင်နေတာ အသေအချာပါပဲ ချစ်သူရယ်….

ကိုသူ

အချစ်=မရှုံး=မနိုင်

July 8, 2008

တစ်ချို့ကပြောတယ်

အချစ်ဟာရယူခြင်းတဲ့

တစ်ချို့ကပြောတော့

အချစ်ဟာ ပေးဆပ်ခြင်းဖြစ်ပြန်ရော…

တချို့ က ယူဆကြ

ချစ်ရင် အရှုံးတဲ့

တစ်ချို့ကျ

အနိုင်ယူမှုနဲ့ ချစ်ကြပြန်ရော…

တစ်ချို့က အချစ်ဟာ နီးစပ်မှုတဲ့

တစ်ချို့ က အချစ်မှာ အနီးအဝေးမရှိတဲ့…

အမှန်ရှိရင် အမှားရှိတယ်…

အချစ်ရှိရင် အမုန်းရှိတယ်…

အင်း ငါ့ကျမှ နင့် အပေါ် ဘာကြောင့် မမုန်းနိုင်တာလည်း

ငါလေ နင့် ကို ချစ်နေရရင် ကိုပျော်နေတာ

နင်အသိဆုံးပါ ချစ်သူရယ်…

ငါ့ အချစ်မှာ အနိုင် အရှုံးမရှိ

အမုန်းမရှိအနီးအဝေးမရှိ

ရှိနေတာက မင်းအပေါ်ချစ်တဲ့ အချစ်တွေ

ဘယ်လိုမှ ထိန်းမရ

ကန့်သတ်မရ တားဆီးမရ

ဖျောက်ဖျက်မရ

ပျက်စီးမသွား

မနီးစပ်ပေမယ့် ချစ်နေသည်

ဆက်စီးနေဦးမည် စမ်းရေလို

မင်းအတွက် ကိုယ်ဟာ အိုအေစစ်

ကြိုနေတယ် အမြဲတမ်းအချစ်တွေနဲ့

နှောင်တွယ်မရစ် လွပ်လပ်ချစ်များနဲ့

ငါလေ ချစ်နေပါရစေ တစ်သက်လုံး

အဆုံးသတ်မရအချစ်

အငွေ့ပျံပျောက်ပျက်မသွားတဲ့အချစ်တွေနဲ့ပေါ့……

ကိုသူ

အချစ်နတ်သမီး

July 8, 2008

လပြည့်ဝန်းလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့

ငါရဲ့နက်ရှိုင်းတဲ့ နှလုံးသားကို အချစ်စိတ်ပေါက်ပွားစေသလား…..

နှင်းဆီဖူးလို နှုတ်ခမ်းရဲလေးက ချိုသောစကားလေးတွေနဲ့

ငါရဲ့ ကြီးမားခိုင်ခံသော အချစ်တံတိုင်းတွေကို မှိုင်းဗုံးခွံဖြိုချဝင်လာသလား….

ပိတုန်းရောင်ကေသာကျော့ကျော့တွေက

ချော့ကာမြူကာ အကြင်နာလှိုင်းတံပိုးများကို တိုးပွားကြီးထွားစေတာလား….

နန်းမဟာဆန်တဲ့ ကိုယ်ဟန်နွဲ့နွဲ့တွေက

ရဲ့ရဲ့လေးသာတောင် မကျန်တော့အောင် ငါ့အသည်းတဲခါးကို ရိုက်ချိုးလိုက်လေသလား

ကန္တာရ ဆူးချုံတောလို မလှပတဲ့ ငါ့ဘ၀ကို

အိုအေစစ်တွေ ဖန်ဆင်းပြပြီး ဖျားယောင်းနေတာလား….

ဒဏ္လာရီပုံပြင်ဟောင်းတစ်ပုဒ်လား…

ဂန္ထ၀င်ဂီတကဗျာတစ်ပုဒ်လား…

ဆောင်းနှင်းမြူအိပ်မက်တစ်ခုလား…..

အင်း..ဒါဟာ ခြောက်သွေ့တော အပျော်ပင် ပြုန်းနေတဲ့ ငါ့နှလုံးသားဝိညဉ်တစ်စုံကို

မှော်ဆရာလို အစွမ်း

စုန်းကဝေလိုအတတ်

နတ်ဘုရားလို ဖန်ဆင်း

မင်းက ငါ့အချစ်ဗိမာန်ကို ပိုင်ဆိုးမဲ့ ငါရဲ့အချစ်နတ်သမီးလား….

ကိုသူ

မရှိမဖြစ်ပြတိုက်

July 8, 2008

မင်းရဲ့ရုပ်သွင်ကို ပန်းချီရေးကြည့်တယ်

ကိုယ်ရေးချယ်တဲ့ စုတ်ချက်တွေက

မင်းအလှကို ပီပြင်အောင် မဖော်ပြနိုင်ပါလားကွယ်….

မင်းရဲ့ ကိုယ်ဟန်ကို ပန်းပုထုကြည့်တယ်

ကိုယ်ထုဆစ်တဲ့ ထွင်းချက်တွေက

မင်းအလှကို ပေါ်လွင်အောင် မတင်ပြနိုင်ပါလားကွယ်….

မင်းကို ကိုယ်ချစ်တာကို ကဗျာရေးကြည့်တယ်

ကိုယ်ရေးစပ်တဲ့ ကာရန်တွေက

ငါ့အချစ်ကို မင်းအသိအမှတ်ပြုဖို့ဖွဲ့နွဲ့နိုင်ပါလား…

မင်းကို ကိုယ်တမ်းတတာကို တေးဆိုကြည့်တယ်

ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက

ငါ့လွမ်းဆွတ်မှုတွေကို မင်းလှည့်ကြည့်ချင်လောက်အောင် မသီကျူးနိုင်ပါလား…

ဒါပေမယ့်လေ..

ဘာပဲဖြစ်ဖြစ်ပေါ့…

မင်းရဲ့အလှကို ပန်းချီချယ်နေမယ်

မင်းရဲ့ အသွင်ကို ပန်းပုထုမယ်

မင်းအတွက်ငါ့အချစ်ကို ကဗျာရေးဖွဲ့မယ်

မင်းကိုတမ်းတမှုကို တေးသီကျူးမယ်

ဒါတွေက ငါ့အတွက် မရှိမဖြစ် အနုပညာကမ္ဘာ

ဖန်တီးမှုများစွာရဲ့ ပြတိုက်ပါပဲကွယ်…..

ကိုသူ